” ဝိပါက ” ဆိုတာ ဘာအဓိပါယ်လဲ… မသိသေးသူများ အတွက်

” ဝိပါက ” ဆိုတာ ဘာအဓိပါယ်လဲ ဘုရား”။ ” ဝိပါက” ဆိုတာ “အကျိုး” လို့ အဓိပ္ပါယ်ရပါတယ်။ တစ်စုံတစ်ခု ပြုလုပ်လိုက်ပြီဆိုရင် …. အဲဒီပြုလုပ်သူရဲ့ အပေါ်မှာပဲ ဖြစ်ဖြစ်.. ပြုလုပ်ခံရသူရဲ့ အပေါ်မှာပဲ ဖြစ်ဖြစ်…

သက်ရောက်လာတဲ့ အကျိုးတစ်ခုကို ဆိုလိုတာပါ။ ဆိုပါစို့… ဗုဒ္ဓဘာသာတွေရဲ့ ပါးစပ်ဖျားမှာ ပြောလေ့ရှိတာတစ်ခု ရှိတယ်… “ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးရမယ်”။

ဒီသဘောတရားကိုဝိပါက-လို့ ခေါ်ပါတယ်။ ဆန်ကို ကြိုချက်လိုက်ရင် ထမင်း ဖြစ်လာမယ်။ အသားဟင်းတို့ အသီးအရွက်ဟင်းတို့ ဖြစ်မလာဘူး။ အဲဒါကိုပဲ “ဝိပါက”လို့ ခေါ်ပါတယ်။

ဝိပါက-ဆိုတာ “ဝဋ်” မဟုတ်ပါဘူး။ ဒါပေမယ့် အကျိုးပေး သဘောတရားခြင်းတော့ တူညီတဲ့ အုပ်စုဖြစ်ပါတယ်။ ဆိုပါစို့… “ထမင်းစားကြမယ်။” ဆိုတာ ထမင်းရော ဟင်းရော စားကြမှာ ဖြစ်ပါတယ်။

ဝဋ်ဆိုတာက အကုသိုလ် အုပ်စုထဲမှာ ဖြစ်ပြီး… “ဝိပါက”ဆိုတာကတော့ ကောင်းကျိုးရော မကောင်းကျိုးရော ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သက်ရောက်လာတဲ့ အကျိုးမှန်သမျှကို ” ဝိပါက” လို့ ခေါ်တာပါ။

ဒီတော့ လောကမှာ ဖြစ်ဖြစ်နေတဲ့ အကျိုးမှန်သမျှဟာ အကြောင်းအရာနဲ့ ကင်းတယ်ဆိုတာ မရှိပါဘူး။ ယုတ္တိအားဖြင့်လည်း လူ့လောကမှာ ထင်ရှားပါတယ်။ သူတောင်းစားက လာတောင်းလို့ ပိုက်ဆံပေးလိုက်ရင်တောင်…

၁။ လာတောင်းတဲ့အကြောင်းရယ်၂။ ကိုယ်နဲ့သူနဲ့ ဆုံနေတဲ့အကြောင်းရယ်၃။ ကိုယ့်မှာ ပေးစရာ ဝတ္ထုရှိနေခြင်းအကြောင်းရယ်ကြောင့်ပေးခြင်းအကျိုး ဖြစ်လာတာ။

သူတောင်းစားက လိုချင်တာကို ရလို့ ပျော်ခြင်းအကျိုး၊ ပေးလိုက်သူက ပေးလိုက်ရလို့ ပျော်ရွှင်ပီတိဖြစ်ရတဲ့အကျိုး။ အဲဒါတွေအားလုံးက အကြောင်းကြောင့် … အကျိုးဆက်တွေ ဖြစ်လာတာ။

ဘယ်ဘုရားသခင်ကမှ “နင်ပေးလိုက်ပါ နင်ပေးလိုက်ပါ” လို့ ခိုင်းစေချက်ကြောင့် ပေးရတာမဟုတ်ဘဲ ပေးဖို့ ဆုံးဖြတ်ဖြစ်တာရော ပေးတာရော အားလုံးက ကိုယ်သာ ဖြစ်ပါတယ်။

အဲဒီသေဘာတရားကိုပဲ ” အတ္တာ ဟိ အတ္တနော နာထော ” မိမိသည်သာ ကိုးကွယ်ရာ အားထားရာ။မိမိရဲ့ ကံ-(အလုပ်) အလုပ်မှန်သမျှဟာ မိမိကပြုလုပ်တာ ဖြစ်တယ်။

“အကျိုး-ဝိပါက” အနေနဲ့ ခံစားရပြီဆိုတော့လည်း မိမိကသာ ဦးစွာခံစားရတာပါပဲ။ ဒီတော့ ဘုရားဆိုတာ မလိုတော့ဘူးလား မေးစရာရှိပါတယ်။ သိပ်လိုတာပေါ့။

သင် အခု ကောင်းတဲ့ အလုပ် မကောင်းတဲ့အလုပ် ထိုအလုပ်တွေရဲ့ ဆိုးကျိုး ကောင်းကျိုး မှန်သမျှတွေကို သဘာဝယုတ္တိ အာဂမယုတ္တိအားဖြင့်တိတိကျကျ ဖော်ပြပေးတာက ဘုရားပဲ။

လမ်းပြပေးတာက ဘုရားပါ။ သင်ဘယ်လမ်းကို ရွေးမလဲဆိုတာ သင့်အပေါ်မှာသာ မူတည်တာပါ။ ဒီသဘောတရားကို သိရင် ဘယ်ဘုရားသခင်ကမှ အကြောင်းမရှိဘဲ သက်သက် ဖန်ဆင်းတာ မရှိပါ။

ဆိုလိုတာ ဘယ်ဘုရားကမှ ဖန်ဆင်းပေးတာမဟုတ်။ ဟုတ်တယ်လို့ ထင်နေတာဟာလည်း အယူအဆအလွဲသာ ဖြစ်ပါတယ်။ အကြောင်းရှိလို့ အကျိုး ရှိလာတာ။ အဲဒါကို “ဝိပါက” လို့ ခေါ်ပါတယ်။

ဝါလကင်းလွတ်သီတင်းကျွတ်နဲ့အတူ ခုနှစ်ရက်သား သမီးအပေါင်း အန္တရာယ်ရန်စွယ်အပေါင်းတို့မှကင်းလွတ်ကြပါစေ။မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

crd-original writer