
“မိန်းမမာယာ သဲကိုးဖြာ ဘုန်းကြီးအလည်နဲ့ တွေ့သောအခါ”
တစ်ခါတုန်းကဘုန်းကြီးတစ်ပါးဟာ ဆွမ်းခံပျင်းတော့ “နေမကောင်းလို့”၊ “ခေါင်းမူးလို့” ဆိုတာမျိုးနဲ့ အကြောင်းအမျိုးမျိုးပြပြီး ဒကာမအိမ်မှာ မကြာခဏဆွမ်းသွားစားတယ်။ခဏခဏဆိုတော့ ဒကာမလည်း သဒ္ဓါတရားပျက်လာတာပေါ့။တစ်ရက်တော့ ဘုန်းကြီးက “ဗိုက်နာလို့ဆွမ်းခံ မထွက်နိုင်ဘူး” ဆိုပြီး ဆွမ်းစားရအောင်သွားပြန်တယ်။
ဒီတစ်ခါတော့ ဒကာမက “ဒီဘုန်းကြီးပျင်းကို ဆွမ်းမကပ်ရအောင် ငါ့မာယာနဲ့ ပထုတ်မယ်” လို့ကြိမ်းဝါးပြီး အခုလို ပြောလိုက်တယ်။ “အရှင်ဘုရား။ တပည့်တော်မအိမ်မှာ ဆန်ပြတ်နေလို့ဆွမ်းကပ်စရာမရှိဘူး။ ဒါပေမယ့် တစ်ခြားအိမ်မှာရှိလို့ရှိငြား ထွက်ချေးကြည့်ပါဦးမယ်ဘုရား” ဆိုပြီး ဗန်းကလေးဆွဲထွက်သွားတယ်။
ဘုန်းကြီးကလည်း အလည်ဆိုတော့ “ဒါ ငါ့ကို ညာတာဖြစ်နိုင်တယ်” ဆိုပြီး ဒကာမထွက်အသွားမှာ မီးဖိုချောင်ထဲဝင်ပြီး ထောက်လှမ်းရေးလုပ်တော့တာပေါ့။အိုးထဲဖွင့်ကြည့်လိုက်တော့ ငကျွဲဆန်တွေ အိုးနဲ့အပြည့်တွေ့ရတယ်။ ပြီးတော့ ဆီ၊ ငါးရံ့ခြောက်ပြား နဲ့ ကြံချောင်းကြီးတစ်ချောင်းကိုတောင် နံရံမှာ ထောင်ထားတာတွေ့သွားတယ်။
တအောင့်ကြာတယ်ဆိုရင်ပဲ ဒကာမက သူ့လုပ်ရပ်အပိုင်ပဲဆိုပြီး တစ်ခြားအိမ်ကနေ ပြန်လာတယ်။ အိမ်ရောက်တော့ “တပည့်တော်မ ဆန်ချေးလို့လည်း မရဘူးဘုရား။ ဒါကြောင့် ဒီနေ့တော့ ဆွမ်း မကပ်နိုင်တော့ပါဘူးဘုရား” ဆိုတော့အဲဒီဘုန်းကြီးက “အင်း…။ ထင်သားပဲ။ ဒါကြောင့် လမ်းမှာ နိမိတ်ဆိုးတာနဲ့ ကြုံရတာကိုး” လို့ပြောတော့ ဒကာမက “ဘယ်လိုနိမိတ်ဆိုးနဲ့များ ကြုံခဲ့ရတာလဲဘုရား”လို့မိန်းမသားတို့ထုံးစံ စပ်စုလိုစိတ်ကြီးပြီး မေးလိုက်တယ်။
အဲအချိန်မှာ ဘုန်းကြီးက “ကျုပ် ဒီအိမ်ကို လာတဲ့ လမ်းမှာမြွေဟောက်ကြီးတစ်ကောင်နဲ့ တွေ့တယ်ဗျာ။ ရှည်လိုက်တာလည်း မပြောပါနဲ့တော့” ဆိုပြီး စကားကို ဖြတ်လိုက်တယ်။ အဲအချိန်မှာ ဒကာမက မိမိရဲ့ သိလိုစိတ်ကို (စုပ်စုလိုစိတ်ကို) မထိန်းနိုင်တော့ဘဲ “ဘယ်လောက်များရှည်လို့တုန်းဘုရား” လို့ ထပ်မေးမိပြန်ပါလေရော။
သူ့အကွက်ထဲ ဝင်လာတာကို သိလိုက်တော့ ဘုန်းကြီးကလည်း “မြွေဟောက်ကြီးကလည်းဗျာ ဒကာမရဲ့ မီးဖိုချောင်ထဲက ကြံချောင်ကြီးလောက်ရှည်တယ်ဗျ။” လို့ဖြေလိုက်တယ်။ ဒကာမလည်း “ဟင်”ဆိုပြီး အံ့သြသွားတာပေါ့။
ဒကာမ အံ့ဩလို့ မဆုံးသေးခင်မှာပဲ ဘုန်းကြီးက ဆက်ပြီးပြောလိုက်တယ် “ကျုပ်ကိုမြင်တော့ဗျာ…မြွေဟောက်ကြီးက ဒေါသတကြီးနဲ့ ပါးပျဉ်းကြီးကို ထောင်လိုက်သေးတယ်။ အဲဒီ ပါးပျဉ်းကြီးကလည်း ဒကာမကြီး မီးဖိုချောင်ထဲက ငါးရံ့ခြောက်ပြားကြီးလောက်တော့ရှိတယ်” ဆိုလိုက်ပြန်ရော။ဒကာမကြီးလည်း နောက်တစ်ကြိမ် “ဟောတော့’ ဆိုပြီး အံ့သြသွားရပြန်တယ်။
အဲအချိန်မှာ ဘုန်းကြီးက ဆက်ပြီး ပြောလိုက်သေးတာက “မြွေဟောက်ကြီးကဗျာ ပါးပျဉ်းထောင်ပြီး ကျုပ်ကိုပေါက် တော့မယ့်ဟန်နဲ့ အစွယ်ကို ဖြီးဖြီးပြသေးတယ်။ အဲဒီအစွယ်ကလည်း ဒကာမကြီးရယ် ဒကာမကြီးရဲ့ ဆန်အိုးထဲကငကျွဲဆန်စေ့လောက်တော့ရှိမယ်ဗျ” လို့ဆိုလိုက်တော့ ဒကာမကြီးလည်း သဘောပေါက်သွားပြီး
“ကဲ… ကိုယ်တော်ဘုရား။ အေးအေးဆေးဆေးပဲနေပါတော့။ တပည့်တော်မပဲ ဆွမ်းချက်ကပ်ပါတော့မယ်။”လို့လျှောက်လိုက်ရပါတော့တယ်•••။
Credit
Leave a Reply