အမှောင်တကာ့ အမှောင်ဆိုတာ

တခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ခက်ခဲတဲ့မေးခွန်းတွေကိုမေးလေ့ရှိတဲ့ ဘုရင်ကြီးတစ်ပါးရှိသတဲ့။တစ်နေ့တော့ ညီလာခံမှာ ပညာရှိအမတ်တွေကို မေးခွန်းတစ်ခုမေးတယ်။

ဘုရင်ကြီးမေးသောမေးခွန်းမှာ အမှောင်တကာ့ အမှောင်တွင် ဘယ်အမှောင်သည် အမှောင်ဆုံးနည်း ဟူသော မေးခွန်းဖြစ်သည်။ တစ်ယောက်ယောက်က ဖြေနိုင်မယ် ဆိုရင် ရပြီ။ မဖြေနိုင်ရင်တော့ ပြည်နှင်ဒဏ်ပေါ့။ (၇)ရက် အချိန်ပေးလိုက်လေသည်။ ပညာရှိတွေလည်း စဉ်းစားကြတာပေါ့လေ။

တချို့ကလည်း အလင်းရောင် မရှိတဲ့ အခန်းကျဉ်းသည် အမှောင်ဆုံး။ မြေအောက်ခန်း အလင်းမရှိရင် အမှောင်ဆုံး။ တိမ်တွေ ဖုံးနေတဲ့ လမသာတဲ့သန်းခေါင်ယံသည် အမှောင်ဆုံး။ မိုးမှောင်ကျပြီး လမရှိ ကြယ်မရှိက အမှောင်ဆုံး စသဖြင့် တွေးတောနေကြ အဖြေထုတ်နေကြတာပေါ့။

ပညာရှိအမတ်ကြီးတစ်ဦးသည် ဒါတွေလောက်တော့ ဘုရင်လည်း သိလိမ့်မည်။ ဒီအဖြေကို နှစ်သက်လိမ့်မည် မဟုတ် သေချာစဉ်းစားမှ ရမည်ဆိုပြီး စဉ်းစားလိုက်တာ မနက်ဖြန်ဆို (၇) ရက်သာ ပြည့်တော့မည်။ အဖြေမရပါပဲ အခက်တွေ့နေပါသည်။

မစားနိုင်မသောက်နိုင် တမှိုင်မှိုင်တတွေတွေ ဖြစ်နေ၏။ ဖခင် ခုလိုဖြစ်နေတာကို မြင်သောအခါ သမီးမှ မေးလေသည်။အဖေ ဘာများစိတ်ညစ်နေပါသလဲ ဟုမေးလေသည် ။ ဖခင်ကလည်း ဒီလိုဖြစ်နေသည်ဟု ပြဿနာကို ရှင်းပြလေသည်။

သမီးက နားထောင်ပြီးသောအခါ အဖေသိချင်သော အဖြေကို သမီးပေးမည်။ ညသန်းခေါင်ယံ အိမ်ဘေးက လူမနေတဲ့ အခန်းမှာ အဖြေသွားယူလိုက်ပါဟု ပြောလိုက်လေသည်။ သမီးဖြစ်သူသည်လည်း ပညာဉာဏ်ရှိတယ်ဆိုတာကို ဖခင်ကသိတော့ ကောင်းပြီသမီး ဟု ပြောလိုက်လေသည်။

ဒါပေမယ့် စိတ်ထဲမှာ စိုးရိမ်နေသေးသည်။ အဖြေမှန်ပါ့မလားပေါ့။ ညသန်းခေါင်ယံလည်း ရောက်တယ်ဆိုရင်ပဲ ဖခင်ကြီးက အခန်းရှိရာသို့လာလေသည်။ အခန်းသည် မီးရောင် မှိန်ပြပြလေးနှင့် ဝိုးတဝါးဖြစ်နေသည်။ အခန်းအတွင်းသို့ လိုက်ကာစကို ဖွင့်ပြီးအဝင်တွင် မြင်လိုက်ရသည်က မိန်းမတစ်ယောက် အဝတ်စလစ်ဖြင့် ဆွဲဆောင်မှု အပြည့်နှင့် စိတ်ကိုမြူစွယ်နေသည်။

အမတ်ကြီးလည်း စိတ်တွေထကြွလာကာ ရှေ့သို့တိုးလာလေသည်။ တဖြေးဖြေးနီးလာသောအခါ မျက်လုံးထဲတွင် ထိုမိန်းမသည် သမီးဖြစ်သူနှင့် တူနေသည်ကို သတိထားမိပေမယ့် အကြည့်နှင့် ခြေလှမ်းများလည်း မရပ်ခဲ့ပါ။ သမီးဖြစ် သည်ကို သေချာသော်လည်း ကြံရွယ်ထားသော စိတ်အာရုံကိုလည်း မရပ် တဏှာစိတ်တို့သည် ထကြွလျက် အသိပျောက်ခါ နေလေတော့သည်။

ထိုအခါတွင် သမီးဖြစ်သူက အဝတ်များကို ဆွဲကာ လိုက်ပြီး အဖေ သတိထားလော့ ဟု ပြောလိုက်လေသည်။ အဖေလိုချင်သော အဖြေသည် ဒါပါပဲဟု ပြောလိုက်၏ ။ ထိုအခါမှ ဖခင်အမတ်ကြီးလည်း သတိဝင်သွားကာ ငါမှားပြီ၊ ငါရှက်လိုက်တာ သိက္ခာတရားတွေ ကျပါပြီ” ဟု နောင်တတွေရနေသည်။

သမီးဖြစ်သူက အဖေ မမှားပါဘူး၊ အဖေတင်မဟုတ် ပုထုဇဥ် ယောင်္ကျားတိုင်း မိန်းမတိုင်း ကာမဂုဏ် အရသာနှင့် ထိတွေ့လျှင် သတိတွေအသိတွေ ပျောက်တတ်တာ သဘာဝပါဟု ပြောပြီး မနက်ကို ဘုရင်ကြီးဆီမှာ လျှောက်ချေလော့ဟု ပြောလိုက်၏။

ညီလာခံတွင် ဘုရင်ကြီးသည် ပညာရှိများဖြေသောအဖြေများကို နားထောင်ပြီး လိုချင်သော အဖြေမရဖြစ်နေပြီး ဒေါသထွက်နေချိန် နောက်ဆုံးတစ်ယောက်အဖြစ် အမတ်ကြီးကို မေး လေသည်။ အမတ်ကြီးမှ မှန်လှပါဘုရား ဘုရင်မင်းကြီးမေးသော အဖြေကို ရရှိလာပါသည်ဟု လျှောက်တင်လေသည်။

အမှောင်တကာ့ အမှောင် ထဲတွင် ကာမ အမှောင်သည် အမှောင်ဆုံးဟု လျှောက်တင် အဖြေပေးလေသည်။ တခြားအမှောင်တို့သည် မှောင်သော်လည်း မမှားပါ၊ မမြင်သော်လည်း မမှားပါ။ မှားခဲ့သော် တစ်ခဏသာ မှားမည်။ကြယ်ရောင် လရောင် မရှိသောည သည် စိတ်ကိုတော့ မမှောင်စေပါ၊ မျက်လုံးကိုသာ မှောင်စေပါသည်။

မြေအောက်ခန်းသည် မှောင်သော်လည်း မြေနံ့တော့ မပျောက် အခန်းမှာ ရှိချိန်မှာသာ မှောင်သည်။ အခန်းအပြင်တွင် မမှောင်နိုင်တော့ပါ။ ညအမှောင်များသည်လည်း နေ့တွင်မမှောင်နိုင်တော့ပါ၊ ညမှာသာမှောင်ပါသည်။ကာမအမှောင် ကိလေသာတဏှာ အမှောင်သည် စိတ်ကိုလည်း မှောင်စေသည်၊ ဘဝကိုလည်းမှောင်စေသည်၊ သံသရာကိုလည်း မှောင်စေသည်။

ဒီလိုအမှောင်သည် ပြန်လည် လင်းလက်ဖို့အတွက် အင်မတန်မှ မလွယ်သလို ဒီအမှောင်သည် ကောင်းသော အနံ့လည်းပျောက် ကောင်းသော အကြံလည်းပျောက် ကောင်းတဲ့ သိက္ခာလည်းမဲ့ ကောင်းတဲ့ အရှက်တရားလည်းကင်း၊ မှားမှန်းသိသည်ကိုပင် မှားပါစေဟု ရေစုန်မျောတဲ့အထိ ဖြစ်တတ်ပါသည်ဘုရား..

ဒါကြောင့်လောကတွင်ရှိသော အမှောင်တကာ့အမှောင်တွင် ကာမကိလေသာအမှောင်သည်အမှောင်ဆုံး ကြောက် စရာ အကောင်းဆုံးသာ ဖြစ်ပါသည်ဟု ဖြေလိုက်သောအခါ ဘုရင်ကြီး နှစ်ခြိုက်တော်မူသည်။ နောက်နေ့တွင် ဘုရင်ကြီးနှင့် အမတ်ကြီးသည် နန်းတော်မှစွန့်ခွါပြီး တောထွက်တော်မူပြီး တရားအားထုတ်ကြ၏။

သင်ခန်းစာ – ပညာရှိပါတယ် ဆိုတဲ့ လူလည်း မှားတတ်တယ်၊ မထင်မှတ်သူဆီမှလည်း တန်ဖိုးကြီးတဲ့ အဖြေမှန်ရတတ်တယ်၊ ခက်ခဲတဲ့အဖြေတွေကို သိက္ခာတွေရင်းပြီးမှ ရနိုင်တတ်တယ်၊ ခက်ခဲတဲ့အဖြေကို သိက္ခာတွေကိုရင်းပြီး ပေးရတတ်တယ်၊ အမှောင်ဆုံးသော ကြောက်စရာ အကောင်းဆုံးသော ကာမကိလေသာစိတ်ကို သေချာစွာ ထိန်းသိမ်းနိုင်ကြပါစေ..။

လေးစားစွာဖြင့် Credit – မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*