ပေါ်ပင်လုပ်စားသူတို့ရဲ့ ခဏတာ အသုံးတော်ခံ ဖြစ်ခဲ့ရတဲ့ လမ်း ၃၀ ထိပ်က အပွားလေးရဲ့ ဘဝ

ပေါ်ပင်လုပ်စားသူတို့ရဲ့ ခဏတာ အသုံးတော်ခံ ဖြစ်ခဲ့ရတဲ့ လမ်း ၃၀ ထိပ်က အပွားလေးရဲ့ ဘဝ

ဒီကလေးကို မြင်ဖူးနေပါတယ်လို့ မှတ်တာ၊ လမ်း ၃၀ ထိပ်က ပလုံးအိတ်တွေ ကြားက မိသားစုတွေထဲမှာ မြင်ဖူးနေတာပါ၊ ဟိုနေ့က ရွှေဆိုင်ကြော်ငြာလေးတွေ့တော့၊ အော် ဒီကလေးကံကောင်းလိုက်တာလို့တွေးနေမိသေးတာ။

ဒါပေမယ့် ဒီနေ့ မြို့ထဲသွား​ဖြစ်တော့ ဘာမြင်လိုက်ရလဲဆိုတော့ အဲ့ကလေးကို အဲ့ လမ်း ၃၀ ထိပ်မှာပဲ ရယ်ရယ်မောမောနဲ့ အရင်တိုင်းလေးပဲ ပြန်တွေ့မိတယ်၊ အဝတ်အစားခပ်နွမ်းနွမ်းလေးနဲ့ပါပဲ၊ တဆက်တည်းမှာပဲ ဆက်လျှောက်လာရင်း အရင်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကချေသည် သားအမိ နှစ်ယောက်ကို ၃၄ လမ်းထိပ်မှာတွေ့လိုက်တယ်၊ ဒဿဂီရိ သီချင်းနဲ့ဘောက်လေးဖွင့်ပြီးကနေတာ၊ ဘာမှမပြောင်းလဲဘူးအရင်အတိုင်းပဲ၊ ဖုန်းနဲ့ ဗီဒီယို ရိုက်နေတဲ့သူတွေတော့များသား၊

အဲ့လိုပါပဲ လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ​​မြေအိုးလေးတွေကို ၆ လုံးပတ် လုပ်တီးနေတဲ့ မိသားစုလေးလည်း စျေးထဲ တခါခါ ပြန်ပြန်ရောက်လာတယ်၊ အဆိုကောင်းအတီးကောင်းတဲ့ မျက်မမြင်လင်မယားကိုလည်း အရင် ပုံစံအတိုင်း မပြောင်းလဲဘဲ တွေ့နေမိတုန်းပဲ။

အရင်တုန်းကတော့ လိုင်းပေါ်မှာ ပေါ်ပင်ဖြစ်သွားရင် သူတို့ဘဝလေးတွေ အဆင်ပြေသွားပြီထင်တာ၊ တကယ်အဆင်ပြေသွားတာက သူတို့ဘဝတွေကို ရိုက်ပြ ဗျူးပြတဲ့ အကောင့်တွေ၊ ပေ့တွေကပဲအဆင်ပြေသွားကြတာ၊ သူတို့ဘဝလေးတွေကတော့ အရင်တိုင်းပဲ ဖျော်ဖြေနေရတုန်းပဲ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

ပုလင်းခွံကောက်သူ ဘဝကနေပြီး အမျိုးသမီးဓာတ်ပုံဆရာမတစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့် ရွှေဆိုင်ကြော်ငြာကို ပါဝင်သရုပ်ဆောင်ခွင့် ရရှိသူဘဝဆီ တက်လှမ်းရောက်ရှိလာခဲ့တဲ့ အပွားလေးဟာ လက်ရှိမှာတော့ ပုလင်းခွံတွေ ပြန်ကောက်ရတဲ့ဘဝဆီပဲ ပြန်ရောက်နေပြီလို့ လမ်း ၃၀ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။

မြို့ထဲဘက်ကို ရောက်ရှိလာသူတွေထဲက အမျိုးသမီးတစ်ယောက်က ဒီကလေးကို လမ်း ၃၀ ထိပ်မှာပဲ အရင်တုန်းကအတိုင်း ပြန်တွေ့ခဲ့ရကြောင်းနဲ့ အဝတ်အစားကလည်း အရင်တုန်းကအတိုင်း ခပ်နွမ်းနွမ်းနဲ့ဖြစ်ကြောင်း မအေးအေးခိုင်အမည်ရ အမျိုးသမီးတစ်ဦးက သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။

ပုလင်းခွံကောက်တဲ့ဘဝကနေ ရွှေဆိုင်ကြော်ငြာသူဘဝဆီ တက်လှမ်းရောက်ရှိလာချိန်မှာ အပွားလေးအတွက် ဝမ်းသာကျေနပ်သူ၊ ဂရုဏာသက်သူတွေ အများအပြားရှိလာခဲ့ပြီး အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်မှာလည်း သူ့အတွက် ပီတိဖြစ်သူ၊ သူ့အကြောင်းကို မျှဝေသူတွေ အများအပြား ရှိခဲ့ပါတယ်။

“ဒါက မြန်မာပြည်မှာ ဖြစ်နေကျပဲလေ။ လူမှုကွန်ရက်မှာ နာမည်ကြီးတုန်း အဲ့ဒီအကြောင်းကို လူပြောများနေမယ်။ ပြီးရင် မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး ဒုံရင်းဘဝဆီ ပြန်ရောက်သွားတာပါပဲ။ ကောင်းစားပြီး လူတစ်လုံး သူတစ်လုံးဖြစ်သွားသူဆိုတာ အရမ်းကို ရှားပါးပါတယ်။ သူတို့ကို လုပ်စားခံရတဲ့ဘဝတွေလို့တောင် ရင်နာနာနဲ့ ပြောဖို့ကောင်းပါတယ်။ တကယ်က ဒီကလေးလေးရဲ့ဘဝရှေ့ရေးအတွက် အုတ်မြစ်တစ်ခုကို ချမှတ်ပေးနိုင်အောင် စီစဉ်ကြရမှာပါ။

အခုကတော့ ဒီနေ့ နာမည်ကြီးပြီး နောက်တစ်နေ့မှာ အရင်ဘဝ ပြန်ရောက်နေတာတွေပဲ များပါတယ်။ ဒီအတွက် ဒီနိုင်ငံရဲ့စနစ်ကိုရော တခြားလူမှုခံယူချက်တွေကိုရော ပြင်ဆင်ရမှာပါ။ အခု အကိုမေးတဲ့မေးခွန်းက အမှန်ပါပဲ။ ဒီကလေးကို မနက်ပိုင်းရောက်ရင် ဘူတာကြီးနဲ့ လမ်း ၃၀ ထိပ်တွေမှာ ပြန်တွေ့နေရပါပြီ။ အရင်လို ခပ်နွမ်းနွမ်း အဝတ်အစားလေးတွေနဲ့ပါပဲ။ သူ့မျက်လုံးလေးတွေက အရမ်းကို အပြစ်ကင်းတယ်။ အခုလို ပြန်တွေ့ရတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပဲ”လို့ လမ်း ၃၀ မှာ နေထိုင်တဲ့သူတစ်ယောက်က ပြောပြပါတယ်။